TASK Program Project Result Review Workshop အား (၅.၁၂.၂၀၁၈) ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီ:ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ KIAT နှင့် KAMICO အဖွဲ့အစည်းတို့ ပူးပေါင်း၍ Technology Advice and Solutions from Korea (TASK) Programme အရ ၂၀၁၇ − ၂၀၁၈ အတွင်း မြန်မာနိုင်ငံမှ လယ်ယာသုံးစက်ပစ္စည်းကိရိယာထုတ်လုပ်သည့် လုပ်ငန်းရှင်များအား ထုတ်လုပ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့်အခက်အခဲများအား ဖော်ထုတ်ပြီးဖြေရှင်းခြင်း၊ အကြုံပြုခြင်းနှင့် လိုအပ်သည့် Technology Know-how လွှဲပြောင်းပေးခြင်းများ ပြုလုပ်ပေးခဲ့သည်နှင့်ပတ်သက်ပြီး Project Result Review အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းနှင့် (TASK) Programme (၁) နှစ်ထပ်တိုးခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ ကိုရီးယားနိုင်ငံ KIAT နှင့် KAMICO အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံမှ နည်းပညာရှင်များ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ SME ဌာနမှ အရာထမ်းများနှင့် နည်းပညာအထောက်အပံ့ရယူခဲ့သည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာထုတ်လုပ်သည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ယခု TASK Program ကို အကောင်အထည်ဖော်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ လယ်ယာသုံးစက်ပစ္စည်း ကိရိယာထုတ်လုပ်သည့်လုပ်ငန်းရှင်များအနက် သတ်မှတ်ထားသည့် အချက်အလက်များနှင့်ကိုက်ညီသည့် သူများအား Korea Agricultural Machinery Industry Cooperate (KAMICO) အဖွဲ့အစည်းမှ စီစစ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးမှ လုပ်ငန်း(၄)ခု၊ မန္တလေးတိုင်းဒေသကြီးမှ လုပ်ငန်း(၂)ခု၊ ပဲခူးတိုင်းဒေသကြီးမှ လုပ်ငန်း(၂)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လုပ်ငန်း(၁)ခုတို့ကို ရွေးချယ်ခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ လုပ်ငန်းခွင်များသို့ Diagnosis Study ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးကဏ္ဍများတွင် လုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍတိုးတက်လာမှသာ နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ထုတ်လုပ်လျက်ရှိသည့် လယ်ယာသုံး စက်ပစ္စည်းများမှာ Painting, Design, Welding များတွင် အားနည်းချက်များရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စက်ပစ္စည်းအသုံးပြုမှုအားနည်းနေသေးကြောင်း၊ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် စတင်စိုက်ပျိုးသည့်အချိန်မှစ၍ ရိတ်သိမ်ချွေလှေ့ထုတ်ပိုးပြီး စတိုသို့ရောက်ရှိသည်အထိ ထုတ်လုပ်မှုဖြစ်စဉ်တိုင်းတွင် စက်ပစ္စည်းများကိုသာ အသုံးပြုသည့်အတွက် လုပ်အားခကုန်ကျစရိတ် များစွာသက်သာပါကြောင်း၊ အမေရိကန်နိုင်ငံမှ ထွက်ရှိသောပြောင်း၏ဈေးနှုန်းသည် မြန်မာနိုင်ငံမှ ပြောင်းဈေးနှုန်း၏ ထက်ဝက်သာရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အတွေးအမြင်ရှိသလောက်၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သလောက် တိုးမြှင့်ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများအပေါ်လေ့လာ ကြည့်ရာတွင် Business Plan, Layout Plan များ ရေးဆွဲချမှတ်မှုမရှိပါကြောင်း၊ နည်းပညာများလည်း အားနည်းနေသေးပါကြောင်း၊ လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းများကို မွမ်းမံသင်တန်းများတက်ရောက်စေရန် လိုအပ်ပါကြောင်း၊ Coustomer များ၏ Feedback များ၊ အကြံပြုမှုများကို နားထောင်ပြီး ပြုပြင်ဆောင်ရွက်ခြင်းဖြင့် ထုတ်ကုန်ပစ္စည်းများကို ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ ရွေးချယ်ခံရသည့်လုပ်ငန်းရှင်များကိုလည်း KIAT အဖွဲ့မှ ကိုရီးယားနိုင်ငံသို့ လယ်ယာသုံးစက်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းခွင်များသို့လည်း လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ယခု KIAT နှင့် KAMICO အဖွဲ့အစည်းတို့မှ ပေးအပ်ခဲ့သည့်နည်းစနစ်များ၊ ကိုရီးယားနိုင်ငံသို့သွားရောက်လေ့လာစဉ် သိမြင်လာသည့် အတွေးအမြင်များကို အသုံးပြုပြီး မိမိတို့၏ လုပ်ငန်းခွင်အတွင်း ရဲရဲဝံ့ဝံ့ပြောင်းလဲရန် (Change) လိုအပ်ပါကြောင်း၊ ယခုအစီအစဉ်ကို (၁)နှစ်သက်တမ်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ယခုရွေးချယ်ထားသည့် လုပ်ငန်းရှင်များကိုသာမက နောက်ထပ် အခြားသောလုပ်ငန်းရှင်များကို ရွေးချယ်ပြီး နည်းပညာအထောက်အပံ့များထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီ: KIAT အဖွဲ့အစည်းမှ Director Mr. Yi Si Min မှ ယခုအလုပ်ရုံဆွေးနွေးပွဲသို့ အချိန်ပေးပြီး နေရာဒေသအသီးသီးမှ လာရောက်ခဲ့ကြသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ TASK Project အား စတင်ချိန်ထဲကစပြီး လုပ်ဆောင်ခဲ့ကြသည့် ကိုရီးယားနိုင်ငံမှ ပညာရှင်(၃)ဦးကိုလဲ ကျေးဇူးအထူး တင်ရှိပါကြောင်း၊ TASK Project စတင်လုပ်ဆောင်ချိန်က အခက်အခဲများစွာရှိခဲ့ပါကြောင်း၊ သို့သော်လည်း လုပ်ဆောင်ရင်းဖြင့် လုပ်ငန်းရှင်များနှင့်နွေးထွေးခင်မင်ခဲ့ရာ များစွာအဆင်ပြေချောမွေ့ခဲ့ပါကြောင်း၊ မေးခွန်းများကိုလဲ မေးမြန်းလာတာကိုလဲ တွေ့ရပါကြောင်း၊ အဆိုပါမေးခွန်းများအားလုံးကို တစ်ရက်ထဲဖြင့် ဖြေရှင်းနိုင်မည်ဟု မဆိုလိုပါကြောင်း၊ သို့သော်လည်း ပူးပေါင်းဆောင်ရွက်နေရင်းဖြင့် တဖြည်းဖြည်း ဖြေရှင်းလာနိုင်မည်ဖြစ်ပါကြောင်း၊ နောက်ဆုံးအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းအား ဆောင်ရွက်ပေးစေလိုသည့် အချက်(၂)ချက် ရှိပါကြောင်း၊ ပထမအချက်မှာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ ခေတ်မီတိုးတက်လာစေရန်လိုအပ်သော်လည်း အခြားတဖက်မှလည်း စိုက်ပျိုးရမည့်မြေနှင့် မျိုးစေ့များ ကောင်းမွန်ရန်လည်း များစွာအရေးပါပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ယာစိုက်ပျိုးရေးနှင်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒုတိယအချက်မှာ ဖွံ့ဖြိုးတိုးတက်မှုနည်းသည့်နိုင်ငံ ဖြစ်သည့်အတွက် စာရင်းဇယားပိုင်းများတွင် အားနည်းမှု များရှိသည်ကို နားလည်ပါကြောင်း၊ သို့သော်လည်း ညွှန်ကြားရေးမှူးချုပ်အနေဖြင့် တတ်နိုင်သလောက် မှန်ကန်သည့်အချက်အလက်များ ရရှိစေရန် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းနှင့် KIAT အဖွဲ့အစည်းမှ Mr. Yi Si Min မှ TASK Project တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းရှင်များအား အမှတ်တရဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီ: KAMICO အဖွဲ့မှ Deputy Director Mr.Ahn Sang Hwa မှ KAMICO မှ ထုတ်လုပ်ရောင်းချနေသည့် လယ်ယာသုံးစက်ပစ္စည်းများအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ နေလည်ပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များဘက်မှ မေးမြန်းသည့်မေးခွန်းများ၊ သိရှိလိုသည့်အချက်များအား ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းနှင့် ကိုရီးယားအဖွဲ့အစည်းများမှတာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် KIAT အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်လာသည့်လုပ်ငန်းရှင်များ စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ(၃:၃၀)ချိန်တွင် ရပ်နားခဲ့ပါသည်။