Brief History
အသေးစား ၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု မှတ်တိုင်များ
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက်စေရေး ဆောင်ရွက်ရာတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေး သည် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည့်အတွက် ကာလတို၊ ကာလရှည်မျှော်မှန်းချက်များဖြင့် စနစ်တကျ ဆောင်ရွက်သွားရန် ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့မှစ၍ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့ပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်စေရန် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို မူဝါဒနှင့်ပြည်ပရေးရာဌာန၊ နည်းပညာနှင့်ဈေးကွက်မြှင့်တင်ရေးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့်လုပ်ငန်းညှိနှိုင်းရေး ဌာနခွဲ(၃)ခုဖြင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန လက်အောက် သို့ သွတ်သွင်းလျက် နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ရုံးနှင့် ခရိုင်ရုံးခွဲ (၃၅) ရုံးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ယခုအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ရုံးနှင့် ခရိုင်ရုံးခွဲ(၄၀)ရုံးထိ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ ASEAN Strategy Development Programအား မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နိုင်ရန် Center of Excellence (CoE) ရုံးကို အမှတ်(၅/ဘီ) ၊ သလ္လာဝတီလမ်း ၊ (၇) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင်လည်းကောင်း ၊ SME Incubation Center ကို အမှတ်(၁၃၅) ၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ (၄) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့တွင် လည်းကောင်း ဖွင့်လှစ်၍ SME များ၏ HRD အတွက် နည်းပညာဆိုင်ရာနှင့် ဘာသာရပ်ဆိုင်ရာ သင်တန်းများ ၊ ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံအဖွဲ့အစည်း၏ လမ်းညွှန်ချက်နှင့်အညီ အာဆီယံ စီးပွားရေးအသိုက်အဝန်းကို အတူတကွ အကောင်အထည်ဖော်ရာ၌ ကဏ္ဍ(၁)ခုဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရန် အာဆီယံ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းအဖွဲ့(ASEAN Small and Medium Enterprise Working Group – ASEAN SMEWG) တွင် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနမှ ၂၀၁၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံဆိုင်ရာ Focal အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ASEAN SMEWG အစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံများ၌ တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပပြုလုပ် လျက်ရှိပြီး ၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး (၃၂) ကြိမ်မြောက် အစည်းအဝေးတွင် အိမ်ရှင်နှင့် အလှည့်ကျဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ (၃၃) ကြိမ်မြောက် အစည်းအဝေးများတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ASEAN SMEWG ကို အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ASEAN Coordinating Committee on Micro , Small and Medium Enterprises – ACCMSME) ဟု အမည်ပြောင်းလဲခဲ့ပြီး ၊ ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (The 6th ACCMSME Meeting and Related Meeting) ကို နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ပါသည်။ Covid -19 ရောဂါ အခြေအနေအရ အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ Virtual Meeting အဖြစ်ပြောင်းလဲကျင်းပခဲ့ရာ ယခုဆိုလျှင် (၁၄)ကြိမ် မြောက်ထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်၍ (၁၃) ကြိမ် နှင့် (၁၄) ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို မြန်မာနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံ၏ စီးပွားရေးယန္တရား တည်ဆောက်ပေးသူများဖြစ်သော MSME များ ရှင်သန်ဖွံ့ဖြိုးစေရန်၊ ပိုမိုထိရောက်စွာပံ့ပိုးပေးနိုင်ရန်နှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်ရာတွင် အထောက်အကူပြုဖြစ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို (၉.၄.၂၀၁၅) ရက်နေ့တွင် လည်းကောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို (၂၄.၁၂.၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေကို (၁၃.၁၀.၂၀၁၆) ရက်နေ့တွင်လည်းကောင်း အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ပါသည်။
၂၀၁၂-၂၀၁၅ ခုနှစ်ကာလအတွင်းအသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ (အကျဉ်းချုပ်)မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- SME ဗဟိုဌာန စတင်ဖွဲ့စည်းခြင်းနှင့် ရုံးခွဲများ တိုးချဲ့ဖွဲ့စည်းခြင်း
- Development Partner များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- Seminar , Workshop , များ ကျင်းပပြုလုပ်ခြင်း
- ဥပဒေမပြဋ္ဌာန်းမီ အထောက်အကူပြု (၉)ဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်ခြင်း
- SME ဥပဒေ နှင့် မူဝါဒ အတည်ပြု ပြဋ္ဌာန်းထုတ်ပြန်ခြင်း
- SME ချေးငွေများ ထုတ်ပေးခြင်း
၂၀၁၆-၂၀၂၀ ခုနှစ် ကာလအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ဆောင်ရွက်ချက်များ (အကျဉ်းချုပ်)မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- SME နည်းဥပဒေများ ထုတ်ပြန်ခြင်း
- SME ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြု(၃)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း
- ကော်မတီ ၊ အဖွဲ့များအလိုက် အစည်းအဝေးများ ကျင်းပဆောင်ရွက်ခြင်း
- Regional Action Plan များ ရေးဆွဲအကောင်အထည်ဖော်ခြင်း
- Trade Fair ကုန်စည်ပြပွဲများ ကျင်းပပြုလုပ်ခြင်း
- SME Member Card များ ထုတ်ပေးခြင်း
- MSME လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးများရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်း
၂၀၂၁ ခုနှစ် မှ ယနေ့ထိ ကာလအတွင်း အသေးစား၊ အငယ်စား နှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ဆောင်ရွက်ချက်များ (အကျဉ်းချုပ်)မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- MSME ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ MSME အေဂျင်စီ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့တို့ကို ပြန်လည်ဖွဲ့စည်းခြင်းနှင့် အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးများတွင် MSME ဆိုင်ရာ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ခြင်း၊
- ၇.၇.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀၅/၂၀၂၁ အရ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဖွဲ့စည်းခဲ့ခြင်း၊
- MSME မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊
- MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းရေးဆွဲခဲ့ခြင်း၊
- အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသရန်ပုံငွေဖြင့် “မြန်မာနိုင်ငံအတွင်းရှိ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ဆန်းသစ် တီထွင်မှုအလေ့အကျင့်ကောင်းများ မျှဝေခြင်းစီမံကိန်း(Innovative Products Practices for Food Processing in Myanmar) စီမံကိန်း”၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ “ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ် တီထွင်မှုနှင့် လူငယ်စွန့်ဦး တီထွင်မှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Hybrid Seminar on Innovation and Young Entrepreneurship for Regional Development) စီမံကိန်း” စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်အရ “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ” ကို (၃၀.၉.၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၁၃ /၂၀၂၁) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ (၇) ၊ ပုဒ်မခွဲ(က) ပါ ပြဋ္ဌာန်းချက်နှင့်အညီ “အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ” ကို ၂၆-၁၁-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ကို MSME လုပ်ငန်း ကော်မတီ၏ ၈.၁၂.၂၀၂၂ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁/၂၀၂၂) ဖြင့်လည်းကောင်း၊ အေဂျင်စီကို ၈.၁၂.၂၀၂၂ရက်စွဲပါ အမိန့် ကြော်ငြာ စာအမှတ် (၂/၂၀၂၂) ဖြင့်လည်းကောင်း ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ကို ၈.၁၂.၂၀၂၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၂) ဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။

