မကွေးတိုင်းဒေသကြီး SME Agency နှင့် SIYB Myanmar တို့ပူးပေါင်း၍ မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံအနီးတွင် “SME ကွန်ယက်ချိတ်ဆက်ပွဲတော်” ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံအနီးတွင် နိုဝင်ဘာလ (၁၆)ရက်နှင့်(၁၇)ရက် နေ့များ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ SME များပါဝင်သော “SME ကွန်ယက် ချိတ်ဆက် ပွဲတော်”ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားရှိသည်။
အဆိုပါပွဲတော်ကို GEW (Global Entrepreneur Week) ဖြစ်သည့် နိုဝင်ဘာလ (၁၂) ရက်နေ့ မှ (၁၈) ရက်နေ့ အတွင်းတွင် နိုင်ငံတကာ၌ Entrepreneur Day အဖြစ် ကျင်းပလျှက်ရှိပြီး၊ SME များအချင်းချင်းနှင့် ပြည်သူများအကြား ကွန်ယက်ချိတ်ဆက်နိုင်ရန် မကွေးတိုင်းဒေသကြီး SME Agency နှင့် SIYB Myanmar တို့ ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
ပွဲတော်ကာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ SME လုပ်ငန်းရှင်များ လာရောက်ပြသ ရောင်းချခြင်းနှင့်အတူ အမှိုက်ကင်းစင်၍ စိမ်းစိုသော ပတ်ဝန်းကျင်ကိုဖန်တီးရန် အစီအစဉ်များ ပါဝင်ခြင်း၊ စီးပွားရေးအတိုင်ပင်ခံများထံ တိုင်ပင်အကြံပြုချက်များ ရယူနိုင်သည့် အစီအစဉ်များ ပါဝင်ခြင်း၊ စီးပွားရေးအယူအဆများနှင့် အမြင်အမျိုးမျိုးအတွက် ပြိုင်ပွဲများပါဝင်ခြင်း၊ Networking Game များတွင် ပျော်ရွှင်စွာ ပါဝင်နိုင်ခြင်း၊ စကားဝိုင်းဆွေးနွေးပွဲများ ပါဝင်ခြင်း၊ ကုန်စည်နှင့် လုပ်ငန်းစင်တင်ပွဲထုတ်ခြင်း၊ စွန့်ပစ်ပစ္စည်းကိုအသုံးပြု၍ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲ ပါဝင်ခြင်း စသည့် ဆောင်ရွက်မှုများကို တိုင်းနှင့်ပြည်နယ် ဒေသအနှံ့အပြားမှ ပြည်သူများဖြင့် ပျော်ရွှင်စွာဆင်နွှဲကြမည် ဖြစ်သည်။