စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) အသင်းတို့ ပူးပေါင်း၍ ဤဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် နည်းပညာအသစ်များကို လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်သည့် “Advanced AI and AI-powered Presentation Tools အသုံးပြုနည်းသင်တန်း” ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် နေပြည်တော်၊ ရုံးအမှတ် (၃၀) ရှိ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) အသင်း၊ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်ကလည်း အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းကို Yangon School of Social Work (YSSW) တည်ထောင်သူ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ MYANWEN အသင်းမှ သင်တန်းဆရာ ဦးကျော်စစ်နိုင်က သင်တန်း နည်းပြအဖြစ်တာဝန်ယူ၍ Generative AI နည်းပညာများကို လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချ နိုင်မည့် နည်းလမ်းများနှင့် AI-powered Presentation Tools များကို အသုံးပြု၍ အရည်အသွေး ပြည့်မီသော Presentation များ ဖန်တီးတင်ပြနိုင်မည့် နည်းလမ်းများကို သင်ကြားပို့ချခဲ့ပါသည်။ ထို့အပြင် MYANWEN အသင်းမှ တွဲဖက် အတွင်းရေးမှူးနှင့် Nest Asia Co., Ltd. ၏ Co-Founder & CEO ဖြစ်သူ ဒေါ်ဝင်းလဲ့မြရည်စံကလည်း Canva Tools များ၏ အသုံးဝင်ပုံနှင့် လက်တွေ့ အသုံးပြု နည်းများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ယခုသင်တန်းမှတစ်ဆင့် ဤဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် Generative AI နှင့် AI နည်းပညာအထောက်အကူပြုကိရိယာများကို လုပ်ငန်းခွင်တွင် မှန်ကန်ထိရောက်စွာအသုံးချနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများတွင် အချိန်နှင့်အရင်းအမြစ်များကို ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်းနှင့် Presentationများကို ပိုမိုကောင်းမွန်ထိရောက်စွာ ဖန်တီးတင်ပြနိုင်ခြင်းတို့အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား (၄၅) ဦးက သင်တန်းတွင် ပါဝင်တက်ရောက်၍ စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြပါသည်။"

