ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်းအခမ်းအနားကို (၁၄. ၂. ၂၀၂၅) ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ MSME အေဂျင်စီဥက္ကဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံ များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးက အသေးစားစက်မှုလက်မှုလုပ်ငန်း (စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြထုတ်ကုန်အထူးဆုရရှိသူ (၁၂)ဦး အားလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်အထူးဆုရရှိသူ(၅)ဦးနှင့် အသေးစား(Micro) စီးပွားရေး လုပ်ငန်းများ အထူးဆုရရှိသူ(၅)ဦးတို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပါသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အငယ်စား(Small)စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ ငါးဦးနှင့် အလတ်စား (Medium)စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ ငါးဦးတို့အား လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံးဆုရရှိကြသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့မှ ပြိုင်ပွဲဝင်များအား လည်းကောင်း ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။