The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2022-07-28
15:00
နေပြည်တော်

                မဲခေါင်-လန်ချန်း MSME များ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  စက်မှုဝန်ကြီး ဌာန၊ ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်း ကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းဒေသမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ MSME များ ဒီဂျစ်တယ် ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဖြစ် မြောက် လာစေရေးအတွက် ဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံရုံး၊စီမံကိန်းရန်ပုံငွေ ထောက်ပံ့ပေးသည့်  မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအဖွဲ့၊ စီမံကိန်း အဆိုပြုတင်ပြခြင်းနှင့် အကောင်အထည်ဖော်နိုင်ရန် ပံ့ပိုးကူညီမှုပေးသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့တို့ကို ကျေးဇူးတင်ရှိ ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံများ၏ အဓိက စီးပွားရေး အသက်သွေးကြောများဖြစ်ကြပြီး အလုပ်အကိုင်ဖန်တီးမှု၊ ဝင်ငွေဖန်တီး မှုနှင့် အလုံးစုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများတွင် များစွာအထောက်အကူဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် MSME များသည် အရွယ်ရောက်ရှိပြီးသော နိုင်ငံလူဦးရေ ၏ (၃)ပုံ(၂)ပုံအား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးနိုင်ကြောင်း၊ သို့သော် MSME များ အနေ ဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပြီး တိုးတက်နေသည့် ကမ္ဘာ့အခင်းအကျင်းတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရှိနေစေရန် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် လိုအပ်ကြောင်း၊ စတုတ္ထစက်မှုတော်လှန်ရေး (IR 4.0) သို့ ကူးပြောင်းနေစဉ် နည်းပညာတိုးတက်မှုများနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတို့ကြောင့် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းသည် ပြောင်းလဲလျက်ရှိကြောင်း၊ MSME လုပ်ငန်းရှင် များ သည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ၎င်းတို့၏ ဒီဂျစ်တယ်စွမ်းဆောင် ရည်ကို မြှင့်တင်ရန် ပိုမိုအာရုံစိုက်လာကြောင်း၊ ဒီဂျစ်တယ်နည်းပညာများသည် MSME များအတွက် ကြီးမားသော အခွင့်အလမ်းများကို ပေးစွမ်းနိုင်ပြီး ၎င်းတို့ရဲ့လုပ်ငန်းများကို ချဲ့ထွင်ခြင်း၊ စျေးကွက်အသစ်များသို့ တိုးချဲ့ခြင်းများကို လွယ်ကူချောမွေ့စေပါကြောင်း၊ MSME လုပ်ငန်းရှင်များ အနေဖြင့် ဒီဂျစ်တယ်ဈေးကွက်ကို ပိုင်နိုင်စွာဆောင်ရွက်နိုင်လျှင် ဈေးကွက် သစ် (သို့မဟုတ်) ဈေးကွက် ဝေစု ပိုမိုရရှိမည့်အပြင် ကမ္ဘာအနှံ့ရှိ ဝယ်ယူသုံးစွဲသူများနှင့် အချိန်တိုအတွင်း လွယ်လင့်တကူ ဆက်သွယ်ရောင်းချနိုင်မည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများ သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့အပြင် အခြားစီးပွားရေးလုပ်ငန်းများ၏ ဝန်ဆောင်မှု၊ ထုတ်ကုန်ပစ္စည်း၊ ထုတ်လုပ်မှုနည်းစဉ်၊ ထုတ်ကုန်အရည်အသွေးများ၊ သုံးစွဲသူများ၏ သဘောထားမှတ်ချက် များကို သိရှိလေ့လာနိုင်သဖြင့် မိမိစီးပွားရေးလုပ်ငန်း များကို အချိန်မီပြုပြင်ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းရှင်များအနေဖြင့် ဒီဂျစ်တယ်ကိရိယာများနှင့် နည်းပညာများကို ထိထိရောက်ရောက် အသုံးချနိုင်ရန်အတွက် ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း “Digitalization တိုးတက် စေရေး အလေးအနက်ထား ဆောင်ရွက်ကြရန်” လမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများအတွက် အထူးသင့်လျော်ကောင်းမွန်သော ဒီဂျစ်တယ်စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များကို အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ သက်ဆိုင်သူများနှင့် ပညာရေး အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ယခုဖိုရမ်သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် “ဒီဂျစ်တယ် စီးပွားရေးကို အကောင်အထည် ဖော်ရာ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော အဆင့်မြင့် ဒီဂျစ်တယ်နည်းပညာများနှင့် နည်းပညာသစ်များ စွမ်းရည်မြှင့်တင်ပေးနိုင်ရေး လုပ်ငန်းစဉ်”သည် စီမံကိန်း၏ ပထမအဆင့်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့ရှိ MSME များ၊ MSME အသင်းအဖွဲ့များ၊ အစိုးရ အရာရှိများနှင့် မူဝါဒချမှတ်သူများအတွက် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဆိုင်ရာ အလေ့အကျင့်များ၊ မူဝါဒများတိုးမြှင့်ရန်၊ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို ဖြည့်ဆည်း ပေးရန်၊ ဒီဂျစ်တယ်အသွင်ပြောင်းရာတွင် MSME များ နောက်ကကျန်ခဲ့ခြင်း မရှိစေရန် ရည်ရွယ်ပြီး စီမံကိန်းအဆိုပြုလွှာ ရေးဆွဲတင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ MSMEs များ လိုအပ်သည့် ဒီဂျစ်တယ်အသုံးပြုပြီး လုပ်ငန်းများ စီမံခန့်ခွဲခြင်း ဆိုင်ရာများကို ကျွမ်းကျင်ပညာရှင်များမှလည်းကောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်စသည့် ဒေသတွင်းကိုယ်စားလှယ်များမှ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း နှင့်စပ်လျဉ်း၍ ကြုံတွေ့ရသည့် အတွေ့အကြုံများကို မျှဝေကြမည်ဖြစ်ပြီး စီမံကိန်းအဆင့် (၂) ဖြစ်သည့် Webinar သင်တန်းတွင် MSME များ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက် ချက် များအား လက်တွေ့အသုံးချနိုင်စေရေးအတွက် သင်ကြားပေးရန် လိုအပ်သည့် ဒီဂျစ်တယ် ကျွမ်းကျင်မှုများကို စုပေါင်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ဖိုရမ်၏ ရလဒ်များအပေါ် အခြေခံ၍ MSME များအနေဖြင့် ဒီဂျစ်တယ်စီးပွားရေးတွင်ပါဝင်ရန်နှင့် ဒီဂျစ်တယ်အသုံးပြုမှု တိုးတက်စေရန် အတွက် ဒုတိယအဆင့် Webinar သင်တန်းကို  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့ထိ (၅)ရက်ကြာ ကျင်းပပြုလုပ်ရန် စီစဉ် ထာပြီးဖြစ်ကြောင်း၊ စီမံကိန်းမှ MSME များအတွက် လိုအပ်သော Hard Skill များသာမက ဒီဂျစ်တယ် နည်းပညာ ဆိုင်ရာ အသုံးချ တတ်မြောက်မှု၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုကဲ့သို့သော Soft Skill များကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ စီးပွာရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးအောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနှင့် ကြိုးစား အား ထုတ်မှု တို့ကို ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ပညာရပ်များသည် အဆက်မပြတ် ပြောင်းလဲနေမည်ဖြစ်၍ MSME များအနေဖြင့် ရှေ့ဆက်လက်သင်ယူရန် စိတ်အားထက်သန် နေရမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်ဒေသ အတွင်းရှိ နိုင်ငံများ၏ အနာဂတ်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ နိုင်ငံအလိုက် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှု၊ ရင်ဆိုင်ဖြေရှင်းနိုင်မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံ များကို ရင်းရင်းနှီးနှီး ပွင့်လင်းစွာဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်းနှင့် နှီးနှောဖလှယ်ပွဲ ကြီးမှ ရလဒ်ကောင်း များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။ 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် ကမ္ဘာ့နိုင်ငံအားလုံး၏ အဓိကစီးပွားရေးမဏ္ဍိုင်ဖြစ်သကဲ့သို့ နိုင်ငံသား များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဖော်ဆောင်ပေးလျက်ရှိကြောင်း၊ MSME များ၏ ထုတ်ကုန်များအား ကမ္ဘာနှင့်ဒေသအတွင်း ဈေးကွက်အတွင်း လွတ်လပ်စွာ ကုန်စည် စီးဆင်းနိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ထည့်သွင်းနိုင်ရေး၊ လွယ်ကူစွာကူးပြောင်းနိုင်ရေး၊ လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်ရေးအတွက် Digital Economy ကဏ္ဍသည် အထူးအရေးကြီးသော အခန်းကဏ္ဍမှပါဝင်လာကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့်လည်း နိုင်ငံအတွင်းရှိ MSME များ၏ Digital Economy အသုံးပြုမှု ကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ (Equipment and System) များကို အထူးဦးစားပေးကဏ္ဍအဖြစ် ပံ့ပိုးကူညီပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း စိုက်ပျိုးရေးအခြေပြု MSME များ၏ Digital အသုံးပြုမှုတိုးတက် မြင့်မားလာရေး အသိပညာပေးခြင်း၊ ပံ့ပိုးခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးသင့်ကြောင်း၊ လွန်ခဲ့သည့် (၇)နှစ်ခန့်မှ စတင်ခဲ့သော မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ MSME များ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် ယနေ့ကျင်းပသည့် ဖိုရမ်မှနေ၍လည်း မိမိတို့နိုင်ငံရှိ MSME များ၏ Digital အသုံးပြုမှုအား ပိုမိုမြှင့်တင်နိုင်ရေး နည်းလမ်းကောင်းနှင့် အတွေးအမြင်များ ဖလှယ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃၁.၇)သန်း လက်ခံရရှိခဲ့ပြီး စီမံကိန်းပေါင်း (၁၆၀)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်း(၆၀)ခု အောင်မြင်စွာဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများအကြား တည်ငြိမ်အေးချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အပြန်အလှန်ယဉ်ကျေးမှု ဖလှယ်နိုင်ရေး စသည့် မဏ္ဍိုင်(၃)ရပ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကမ္ဘာ တွင် ကြုံတွေ့နေရသည့် စီးပွားရေးဆိုင်ရာပဋိက္ခများ၊ ကုန်သွယ်မှုဆိုင်ပြဿနာ များ အစရှိသည့် စိန်ခေါ်မှုများအား ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်း၍ ရင်ဆိုင်နိုင်ရေး အတွက် MSME များ၏ Digital Economy အသုံးပြုမှုကဏ္ဍအား စုပေါင်းမြှင့်တင်သွားရန်နှင့် MSME များ၏ အကြီးမားဆုံးသော အခွင့်အရေးတစ်ရပ်ဖြစ်သည့် Digital Economy ဖွံ့ဖြိုးတိုးတက်စေရေး အကောင်းဆုံးပါဝင် ဆွေးနွေးကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါဖိုရမ်တွင် E-Business ပုံစံများနှင့် သဘောတရားများ၊ MSME များ ဒီဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲမှု အလေ့အကျင့်များ၊ ဒီဂျစ်တယ်စီးပွားရေးစနစ် မဟာဗျူဟာနှင့် စီမံခန့်ခွဲမှု၊ ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန် နည်းပညာလိုအပ်မှု၊ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ နိုင်ငံများတွင် ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန် အဆင်သင့်ရှိရမည့် အချက်များ၊ ဒီဂျစ်တယ်ဆန်းသစ်ခြင်းနှင့် ပြောင်းလဲခြင်းများအတွက် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ MSME များ၏ ကောင်းမွန်သည့် အလေ့အကျင့်များ၊ MSME များ၏ ဒီဂျစ်တယ် စီးပွားရေးစနစ်မြှင့်တင်နိုင်ရန် အလိုအပ်ဆုံးသော ဒီဂျစ်တယ်ကျွမ်းကျင်မှုများ၊ ဒီဂျစ်တယ် စီးပွားရေးစနစ်ပြောင်းလဲရန် တွေ့ကြုံရမည့် စိန်ခေါ်မှုများ ကို ဆွေးနွေးခြင်း၊ အုပ်စုများ ဖွဲ့ ၍ ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲမှု အစီအမံများရေးဆွဲခြင်း၊ ဖိုရမ်မှ ထွက်ရှိလာသည့် ရလဒ်များနှင့်ပတ်သက်၍လည်း ပြန်လည် ဆွေးနွေးသုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 

(၂) ရက်ကြာ ကျင်းပပြုလုပ်သည့် ဖိုရမ် ဒုတိယနေ့ကို ၂၈.၇.၂၀၂၃ ရက်၊ နံနက် (၉) နာရီခွဲမှ စတင်ခဲ့ပြီး၊ ဒစ်ဂျစ်တယ်စွန့်ဦးတီထွင်မှုဆိုင်ရာများ နှင့် ပထမနေ့တွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို Recap ပြုလုပ်ခြင်းကို ကျွမ်းကျင်ပညာရှင် များမှ လည်းကောင်း၊ ဒီဂျစ်တယ် အသုံးပြုမှု အတွက် လိုအပ်သော နည်းပညာများ ၊ ကြုံတွေ့ရမည့် အခက်အခဲများကို အုပ်စုဖွဲ့ဆွေးနွေးခြင်းများ နှင့် စီမံကိန်းဒုတိယပိုင်းတွင် ကျင်းပပြုလုပ်မည့် သင်တန်းများတွင် သင်ယူလိုသော ဘာသာရပ်များအား အကြံပြုပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  ဖိုရမ်ဒုတိယနေ့ ပိတ်ပွဲသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အထောက်အပံ့နဲ့ စက်မှုဝန်ကြီးဌာနမှ ကျင်းပပြုလုပ်တဲ့ မဲခေါင်-လန်ချန်း MSME များ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင် နိုင်ရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဟာ နှစ်ရက်တာ ကျင်းပခဲ့ပြီးနောက် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါကြောင်း၊ ယခုဖိုရမ် ကို တက်ရောက်လာသူတွေအနေနဲ့ (၂) ရက်တာကာလအတွင်းမှာ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အတွေ့အကြုံနှင့် အသိပညာများ၊ အလေ့အကျင့်ကောင်းများ ဖလှယ်နိုင်ပြီး ပြည်တွင်း/ပြည်ပ စီးပွားရေးချိတ်ဆက်မှုများကိုလည်း ချဲ့ထွင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ဒါ့အပြင် ဒီဂျစ်တယ်စီးပွားရေးစနစ် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် MSME လုပ်ငန်းများအပါအဝင် စီးပွားရေး လုပ်ငန်းတွေရဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုများဟာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတဲ့ အချက်ကိုလဲ ယခုဖိုရမ်မှတစ်ဆင့် ကောင်းစွာ သတိပြုနိုင်ကြလိမ့်မယ်လို့ ယူဆပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြား၍  နေ့လယ်(၁၄ :၀၀ ) နာရီတွင် အခမ်းအနား ပိတ်သိမ်းခဲ့ပါသည်။