မဲခေါင်-လန်ချန်းဒေသတွင်း
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များအနေဖြင့် ဒီဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ရာတွင် ဒီဂျစ်တယ် အသုံးပြုမှု ကျွမ်းကျင်လာစေရန်အတွက် လိုအပ်သောနည်းပညာများနှင့် အသိပညာ ရရှိစေရန် ရည်ရွယ်၍ ဒီဂျစ်တယ်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုတွင် လိုအပ်သော အဆင့်မြင့် ဒီဂျစ်တယ် နည်းပညာများနှင့်
နည်းပညာသစ်များ စွမ်းရည်မြှင့်တင်ပေးနိုင်ရေး လုပ်ငန်းစဉ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပထမအဆင့်ကို
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက် မှ (၂၃)
ရက် အထိ ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန ၊ နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ပြီး
စီမံကိန်း ပထမအဆင့် ဖိုရမ်မှ ဆွေးနွေးရရှိခဲ့သည့်
ရလဒ်များကို အခြေခံ၍ MSME များ လိုအပ်သော ဒီဂျစ်တယ်ဆိုင်ရာ
အသိပညာများကို သင်ကြားပေးမည့် “မဲခေါင်-လန်ချန်း MSME များ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရေး စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို စီမံကိန်းဒုတိယအဆင့်အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ
(၂၅) ရက် မှ (၂၉) ရက်အထိ သင်္ဂဟဟိုတယ်၊
နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေး
အဖွဲ့ ဒုတိယ
ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဝန်ကြီးဌာန များမှ တာဝန်ရှိ သူများ၊ မဲခေါင်-လန်ချန်းဒေသမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ နှင့်စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်ခဲ့ကြပြီး အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွား ရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မှ Virtual စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌမှ အမှာစကားပြောကြား ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ပထမအဆင့်ဖိုရမ်သို့ တက်ရောက်ခဲ့ကြသော စက်မှုဝန်ကြီးဌာနနှင့်
ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်းများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တို့ရှိ SME ဌာနမှ တာဝန်ရှိသူများ နှင့် MSME
လုပ်ငန်းရှင်များက in person ဖြင့်လည်းကောင်း၊ မဲခေါင်ဒေသမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တို့ရှိ SME
ဌာနမှ တာဝန်ရှိသူများ နှင့် MSME လုပ်ငန်းရှင်များက virtual
ဖြင့် လည်းကောင်း စုစုပေါင်း (၉၀) ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။
သင်တန်းတွင်
ဘာသာရပ်များကို အဆင့်(၃) ဆင့် (Basic, Intermediate,
Advanced) ခွဲခြား၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ
ကျွမ်းကျင်ပညာရှင်များအပြင် ဒီဂျစ်တယ်ဆိုင်ရာ အသိပညာများကို သင်ကြားပို့ချလျှက်ရှိသော
ပြင်ပပညာရှင်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများ၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ပညာရပ်များအား
သင်ကြားပို့ချပေးလျက်ရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန ၊ သင်တန်းကျောင်းမှ
ကျွမ်းကျင်ပညာရှင်များဖြင့် (၅) ရက်တာ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချခဲ့ပါသည်။
သင်တန်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများအနေဖြင့်
ရေးဆွဲခဲ့သည့် သင်ခန်းစာများသည် MSME များအတွက် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိခြင်း၊
သင်ခန်းစာများသည် MSME လုပ်ငန်းရှင်များအတွက်သာမက
ဝန်ထမ်းများအတွက်လည်း ဒီဂျစ်တယ်အသုံးပြုမှု အသိပညာများတိုးမြှင့်ရရှိခဲ့ခြင်း၊ အမျိုးအစားများစွာရှိသော
Digital Tools များအား ကျွမ်းကျင်ပညာရှင်မှ စာတွေ့၊ လက်တွေ့ ပြည့်စုံစွာ
ရှင်းလင်းခဲ့သဖြင့် Digital Tools အမျိုးမျိုး ရှိကြောင်း
သိရှိခဲ့ပြီး၊ လုပ်ငန်းခွင်များတွင် လိုအပ်သလို ပိုမိုအသုံးချနိုင်ခြင်း၊ Digitalization
and Digital Transformation ကို ကွဲပြားခြားနားစွာ သိရှိ နားလည်စေခြင်း၊
ကုန်အမှတ်တံဆိပ်(Logo) ရေးဆွဲခြင်းကို
လက်တွေ့သင်ကြားပေးခဲ့သည့်အတွက် မိမိလုပ်ငန်းတွင် အသုံးပြုမည့် ကုန်အမှတ်တံဆိပ်ကို
ကိုယ်တိုင် ရေးဆွဲ နိုင်ခဲ့ခြင်း၊ Google Site Application ကိုအသုံးပြု၍
ကိုယ်ပိုင် Google Website များကို အခမဲ့
ရေးဆွဲနိုင်ရန် သင်ကြားပေးခဲ့ပြီးလက်တွေ့လေ့ကျင့်စေခြင်းဖြင့် သင်တန်းသားများအား
ကိုယ်ပိုင် Website ရေးဆွဲနိုင်ခဲ့ခြင်း၊ ဆိုက်ဘာလုံခြုံရေးနှင့်စပ်လျဉ်းသော
အသိပညာများ ပိုမိုရရှိခဲ့ခြင်း၊ ကိုယ်ပိုင်ဆိုရှယ်မီဒီယာများတွင် လုပ်ငန်းဆိုင်ရာအချက်အလက်များ
ပြည့်စုံစွာ ဖြည့်သွင်းရေးဆွဲ၍ ဈေးကွက်ကြော်ငြာနိုင်စေမည့် ပညာရပ်များကို လက်တွေ့ လေ့ကျင့်၍
အသုံးချနိုင်ခဲ့ခြင်း၊ Digital Tools အသုံးပြု၍
လုပ်ငန်းအချက်အလက် စီမံခန့်ခွဲနိုင်မှု နှင့် ငွေကြေး စီမံ ခန့်ခွဲမှုများ၊
အဆင့်မြင့် Digital Platform
System များဖြစ်သော ERP Software များနှင့်
စပ်လျဉ်း၍ ပိုမိုသိရှိလာစေခြင်းစသည်တို့ ရရှိနိုင်မည်ဖြစ်ပါသည်။