The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2023-02-02
11:00
နေပြည်တော်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ - ၂

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် “ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် စက်မှုဝန်ကြီးဌာန၊ စက်ရုံအလုပ်ရုံများရှိ ဝန်ထမ်းများနှင့် MSME လုပ်ငန်းရှင်များအတွက် "စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးလမ်းညွှန်မှု ဆိုင်ရာအသိပညာမျှဝေခြင်း"သင်တန်းကို(. . ၂၀၂၃) ရက်နေ့တွင် ရန်ကုန်မြို့ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (သလ္လာဝတီရုံး)တွင် ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာချာလီသန်းက အဖွင့်အမှာစကားပြောကြား၍ သင်တန်းကိုဖွင့်လှစ်ခဲ့ပါသည်။

            စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် "စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးလမ်းညွှန်မှုဆိုင်ရာ အသိပညာမျှဝေခြင်း" အခမ်းအနားသို့ တက်ရောက်လာကြသည့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမှတ် (၂၄အကြီးစားစက်ရုံ၊ LED မီးသီးအလုပ်ရုံ၊ ရာဘာပစ္စည်းစက်ရုံခွဲ၊ ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး) တို့မှ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများနှင့် သင်တန်းဆရာများ အားလုံးအား ပထမဦးစွာ နှုတ်ခွန်းဆက်ပါကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန မှထုတ်ဝေခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်ရေးလမ်းညွှန်မှုဆိုင်ရာ လမ်းညွှန်ချက်များ (A Guide to Successful Business: Toolkit for Small and Medium Sized Enterprises) ဆိုသည့်စာအုပ်မှ ရရှိသည့်အသိပညာများ၊ မြန်မာနိုင်ငံမှာရှိတဲ့ MSME လုပ်ငန်းများအတွက် အခြေခံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်ချက်များကို မိမိတို့ဌာနရှိ အရာထမ်းများကလေ့လာပြီး ပြန်လည်မျှဝေပို့ချမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

              လက်တွေ့အသုံးချနိုင်မည့် ယနေ့ပို့ချချက်များကိုလေ့လာပြီး မိမိတို့လုပ်ငန်းများ စနစ်တကျလည်ပတ်လုပ်ကိုင်နိုင်ရန်အတွက် အားဖြည့်ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်လာကြသည့် နိုင်ငံပိုင်စက်ရုံများမှ တာဝန်ရှိအရာထမ်းကြီးများသာမက MSME လုပ်ငန်းများအားလုံး ပြည်တွင်းပြည်ပဈေးကွက်များ၏ အလေ့အထကောင်းများ နည်းစနစ်များ ကိုလေ့လာအသုံးပြုခြင်းဖြင့် စီးပွားရေးအရ အသိပညာများပိုမိုကြွယ်ဝလာပြီး လုပ်ငန်းများ လုပ်ကိုင်စီမံရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့်လုပ်ကိုင်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးမှုမှသိရှိရမည့် လမ်းညွှန်မှုများအရ မိမိတို့လုပ်ငန်းတစ်ခုချင်းအလိုက် သီးသန့်လိုအပ်ချက်များနှင့် ပြင်ပ ဈေးကွက်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေစွာ ချိန်ဆကျင့်သုံးခြင်းဖြင့် အောင်မြင်သော နိုင်ငံပိုင်စက်ရုံများ စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ဆောင်နိုင်ကြပါစေရန်  ပြောကြားခဲ့ပါသည်။    

              အဆိုပါသင်တန်းတွင် “A Guide to Successful Business" စီးပွားရေးလမ်းညွှန် စာအုပ်မှ စီးပွားရေးဆိုင်ရာ အသိပညာများကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများဖြစ်သော ဒေါ်မူမူအေး၊ ဦးနေလွင်ထွဋ်နှင့် ဦးဇေယျာမိုးတို့မှ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးပို့ချခဲ့ပါသည်။ ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းဆွေက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ပါသည်။

              အဆိုပါသင်တန်းသို့ SME ဌာနမှ ဝန်ထမ်း(၁၅) ဦး၊ ရန်ကုန်မြိုရှိ စက်ရုံအလုပ်ရုံများမှ သင်တန်းသား (၂၃) ဦး နှင့် MSME လုပ်ငန်း ရှင်(၂၈)ဦး စုစုပေါင်း (၆၆) ဦးတက်ရောက် ခဲ့ကြပါသည်။