The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2023-12-12
5:00
နေပြည်တော်


        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် (၉.၁၂.၂၀၂၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့စဉ် “ကော်ဖီစိုက် ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေ ဆောင်ရွက်သွားရမည်” ဟု လမ်းညွှန်မှုပြုခဲ့သည့်အပေါ် လျှင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်၍  (၁၂.၁၂.၂၀၂၃) ရက်နေ့တွင် Online Zoom တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြင်ဦးလွင်ဒေသခရီးစဉ်လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော် တင်စားခေါ်ဝေါ်နိုင်လောက်သည်အထိ ကော်ဖီအထွက်နှုန်း တိုးတက်လာစေရန်နှင့် MSME များ၏ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက်၊ FDA လက်မှတ်နှင့် W1 လိုင်စင်များ လျှောက်ထားရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ 

အဆိုပါဆွေးနွေးပွဲမှ ကော်ဖီထုတ်လုပ်မှု၊ ထုပ်ပိုးမှုတို့အတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများ၊ ကော်ဖီပန်းဖူးကာလ နွေရာသီတွင် ရေဓါတ်မပြတ်လပ်စေရေးအတွက်  ကော်ဖီပင်များ ရေလောင်းရန် စက်သုံးဆီလိုအပ်ချက်များ၊ ဝိုင်လုပ်ငန်းများ (W1) လိုင်စင် သက်တမ်းတိုးရန် အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ နမူနာပေးပို့၍ ဓါတ်ခွဲစမ်းသပ်ရာတွင် သက်ဆိုင်ရာ (W1) လိုင်စင်ထုတ်ပေးရမည့် ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏  အပေါ်စာ လိုအပ်ချက်များနှင့် FDA ဘက်မှ စစ်ဆေးဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအား သက်ဆိုင်ရာ Stakeholder နှင့် ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးများ ဆွေးနွေးခဲ့ကြပါသည်။ 

ဆွေးနွေးပွဲသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး MSME Agency နှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် ဝိုင်လုပ်ငန်းရှင်များ စုစုပေါင်း (၇၁) ဦး တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက နိဂုံးချုပ်စကားပြောကြား၍ ဆွေးနွေးပွဲကို ညနေ (၄:၀၀) နာရီ တွင် ရုတ်သိမ်းခဲ့ပါသည်။