HELVETAS MYANMAR (Swiss) ၏ S4E စီမံကိန်း(၄)နှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်နှင့် အမျိုးသမီးဦးရေ ၂၀၀၀ အား အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ဆောင်ရွက်လျှက်ရှိ
မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် HELVETAS MYANMAR (Swiss) နှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ SME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ (၄)နှစ်တာအတွင်း မကွေးတိုင်းဒေသကြီးရှိ နေရာဒေသအစုံမှ လူငယ်နှင့်အမျိုးသမီးဦးရေ(၂၀၀၀) တို့ကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ အနည်းဆုံး (၁၅၀၀) ထိဖန်တီးပေ းမည့် အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစီမံကိန်း S4E (Skills For Employment) ကို စတင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါသည်။
အဆိုပါစီမံကိန်း၏ Steering Committee တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ပါဝင်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၁၆)နှစ်မှ (၃၅)နှစ်အတွင်း ရှိ လူငယ်အမျိုးသား၊ အမျိုးသမီးများအား အနိမ့်ဆုံးလုပ်ခလစာထက် ပိုမိုရရှိသော အလုပ်အကိုင်များ ရရှိလာနိုင်စေရန်၊ နည်းစနစ်တကျဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းများအား တက်ရောက်ခွင့်ရရှိပြီး တိုးတက်အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်လာစေရန်၊ အစိုးရသင်တန်း ကျောင်းများ- ပုဂ္ဂလိက လုပ်ငန်းရှင်များ -ဒေသတွင်းလူငယ်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။
စီမံကိန်းအရ မကွေးတိုင်းဒေသကြီးမှ လူငယ်နှင့်အမျိုးသမီးဦးရေ (၂၀၀၀) တို့အား သင်ကြားပို့ချပေးရမည့် သင်တန်းကျောင်းများအနေဖြင့် HELVETAS နှင့် စတင်စာချုပ်ချုပ်ဆိုချိန်တွင် သင်တန်းကြေး၏ ၄၀ ရာခိုင်နှုန်း၊ သင်တန်းပြီးဆုံး၍ အရည်အချင်းစစ်စာမေးပွဲအောင်မြင်ပါက ၃၀ ရာခိုင်နှုန်းနှင့် စာမေးပွဲအောင်မြင်ပြီးချိန် အလုပ်အကိုင်ရှာဖွေခန့်အပ်ပေးနိုင်ချိန်တွင် ကျန် ၃၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး SME Cluster စုဖွဲ့ဆောင်ရွက်သူနှင့် မသန်စွမ်းသူသင်တန်းသား ပါဝင်ပါက အထူးအခွင့်အရေးတစ်ရပ် ရရှိမည်ဖြစ်သည်။ သင်တန်းသားများ၏ နေထိုင်ရေးအတွက် စီစဉ်ပေးပြီး ကုန်ကျစရိတ် အားလုံးကို HELVETAS MYANMAR (Swiss)မှ ကျခံပေးချေသွားမည် ဖြစ်ပါသည်။
ဒေသအတွက်လိုအပ်လျှက်ရှိသည့် သင်တန်းများကို ရွေးချယ်ခဲ့ရာ ပထမဦးစွာ ဘာသာရပ် (၄)ခုကို စတင်သင်ကြားရန် ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဘာသာရပ် (၄)ခုအတွက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲနိုင်ရန် MPTA (Myanmar Private Tivet Association) မှ (၃)လကြာ တာဝန်ယူ သင်ကြားပေးခဲ့ရာ အစိုးရသင်တန်းကျောင်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြပြီး Competency- based Curriculum Design and Development, Coaching Skills, Assessing Skills, Instructional Skills တို့အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခဲ့ ပါသည်။ ပထမဦးဆုံးသင်ကြားပို့ချမည့် ဘာသာရပ်(၄)ခုမှာ အမျိုးသမီးဝတ်အင်္ကျီချုပ်လုပ်ခြင်းသင်တန်း (စာတွေ့ ၉၇ နာရီနှင့် လက်တွေ့ ၂၉၂ နာရီ)၊ ဆံပင်နှင့်မျက်နှာအသားအရေ ပြုပြင်ထိမ်းသိမ်းခြင်းသင်တန်း (စာတွေ့ ၃၆ နာရီနှင့် လက်တွေ့ ၂၂၇ နာရီ)၊ မော်တော်ဆိုင်ကယ် ပြုပြင်ပြင်ဆင်သည့်သင်တန်း(စာတွေ့ ၄၉ နာရီနှင့်လက်တွေ့ ၃၈၄ နာရီ) နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုင်ရာသင်တန်း (ပန်းရံ) (စာတွေ့ ၂၃ နာရီနှင့် လက်တွေ့ ၁၅၃ နာရီ) ဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
အမျိုးသမီးဝတ်အင်္ကျီချုပ်လုပ်ခြင်းသင်တန်း၊ ဆံပင်နှင့်မျက်နှာအသားအရေပြုပြင်ထိမ်းသိမ်းခြင်း သင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်းတို့တွင် စုစုပေါင်းသင်တန်းသား(၁၇၄)ဦး တက်ရောက်သင်ကြား လျှက်ရှိပါသည်။ အမျိုးသမီးဝတ်အင်္ကျီချုပ်လုပ်ခြင်းသင်တန်းတွင် (၆၅)ဦး၊ ဆံပင်နှင့်မျက်နှာအသားအရေ ပြုပြင်ထိမ်းသိမ်းခြင်းသင်တန်းတွင် (၄၄)ဦး စုစုပေါင်း (၁၀၉)ဦးမှာ သင်တန်းပြီးမြောက်၍ ကျွမ်းကျင်မှုကို စစ်ဆေးအကဲဖြတ်သည့်အဆင့်သို့ ရောက်ရှိနေပြီး အောင်မြင်သူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိအမှတ်ပြု ဖွဲ့စည်းထားသည့် RSDA (Regional Skills Development Association Magway) မှပေးအပ်သော အောင်လက်မှတ်ကို ရရှိမည်ဖြစ်ပြီး သင်တန်းမပြီးဆုံးမီကပင် ပတ်ဝန်းကျင်ဒေသများမှ သင်တန်းသားများကို လာရောက်ခေါ်ယူခန့်အပ်လိုသူများ ရှိနေပြီဖြစ်ပါသည်။
သင်တန်းပေးလိုသူ လုပ်ငန်းရှင်များ၊ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ပြီး မကွေးတိုင်းဒေသကြီးအတွင်းမှမဟုတ်သည့် ဝေးလံသောဒေသများတွင် နေထိုင်သူများ တက်ရောက်လိုပါကလည်း တက်ရောက်နိုင်ရန် ညှိနှိုင်းစီစဉ်ပေးသွားရန်ရှိကြောင်းနှင့် လက်ရှိသင်ရိုးညွှန်းတမ်း ရေးဆွဲပြီးသော ဘာသာရပ်(၄)ခုသာမက ဆက်လက်ပြီး ဒေသလိုအပ်ချက်အရ ထပ်မံဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်များအတွက် သင်ရိုးညွှန်းတမ်းများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
လက်ရှိတွင် နတ်မောက်၊ မကွေး၊ မင်းလှ၊ မင်းဘူးမြို့မှ လုပ်ငန်းရှင်များနှင့် သင်တန်းပေးရန်အတွက် စာချုပ်ချုပ်ဆို ဆောင်ရွက်လျှက်ရှိပြီး ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးတည်ရှိရာ ပခုက္ကူမြို့၊ အောင်လံမြို့တို့နှင့်အနီးရှိမြို့များမှ လုပ်ငန်းရှင်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်စီစဉ်လျှက် ရှိကြောင်း သိရှိရပါသည်။